ညီလေးသွားတာ လက်ပြဖို့မေ့သွားတယ်
ငါ့ညီလေးအလုပ်များနေတာလား
တစ်နေရာကနေတစ်နေရာရွှေ့ဖို့
အခိုက်အတန့်အတွက် နှုတ်ဆက်ကြတယ်
မင်းအချစ်ဆုံးအစ်ကိုတစ်ယောက်မဟုတ်ပေမဲ့
မင်းချစ်တဲ့အစ်ကိုတွေထဲကတစ်ယောက်လေ
ဘာပဲဖြစ်ဖြစ်နှုတ်ဆက်ပြီးမှသွားလေကွာ
ခုတော့ ငါ့ညီလေးမေ့သွားတယ်နော်
ကံကြမ္မာရဲ့ပြည်ဖုံးကားက
မင်းအတွက်ခုမှချသွားတာမဟုတ်ဘူး
အရင်တစ်ခါလဲဆေးရုံမှာမင်းကိုသတိပေးသွားတယ်လေ
အစ်ကို အတန်တန် သတိပေးတိုင်း
နွဲ့ဆိုးဟန်နဲ့အမြဲ ရှောင်ရှောင်ထွက်တဲ့ကောင်
ကိုနေဖြိုးရေ ကျနော့်ညီကိုတစ်ချက်ကြည့်ပေးပါဦး
မင်းက ကိုနေဖြိုးရဲ့ဆက်သွယ်မှု့ ဧရိယာပြင်ပမှာပျော်နေတဲ့ကောင်
အရက်သောက်ပြီးပျော်တဲ့သင်ခန်းစာပဲသင်ခဲ့ပြီး
ဆိုးကြိုးတွေပြောတိုင်းလိုင်းအောက်ပြေးတဲ့ကောင်
ခုတော့လက်ပြဖို့တောင်ညီလေးမအားရှာတော့ဘူးပေါ့
မင်းအတွက် အစ်ကို့မျက်ရည်တွေ ဘယ်နေရာက ကျရမလဲမေးရင်
အရင်လိုပဲရွတ်တွတ်တွတ် နဲ့ တစ်ခုခုပြောသွားပါဦးလား
ငါ့ညီလေးမအားပါဘူး
ဝေဒနာတစ်ခုနဲ့ ၀ိဥာည်အသစ်ကိုအကူးမှာ
အားကိုးရှာဖို့နာမည်တွေတန်းစီရွတ်လိမ့်မယ်
မိဘတွေပြီးရင် ကိုရီး ဝေလင်း ဒီးဒီး အွန်လိုင်းကသူငယ်ချင်းတွေ
ဝမ်းတွင်းကသူငယ်ချင်းတွေ
မင်းအစ်မတွေဖြစ်တဲ့ သော်တာနဲ့မြတ်မွန်
ချိန်းထားရက်နဲ့ကပ်လွဲတဲ့နောင်ရိုးစစ်
ကျုံတိုင်းကအစ်ကိုတွေ
ခုတော့လက်ပြခွင့်မရအောင်မီးပြတ်သွားတယ်
အစ်ကိုတွေ အစ်မတွေ သူငယ်ချင်းတွေကို လက်ပြဖို့တောင်
ငါ့ညီလေး အနားမရတော့ဘူးပေါ့
တမ်းတ ဆို့နင့် ကြေကွဲ နေတဲ့မျက်ရည်တွေ
ခုတော့
မင်း မြင်တွေ့ခွင့်မရတော့ဘူးပေါ့
ငါ့ညီလေး လက်ပြဖို့မေ့သွားခဲ့ပေမဲ့
တို့တွေအားလုံး ညီညွတ်စွာတောင်းဆုချွေပါတယ်
ငါ့ညီလေး
ကောင်းရာသုဂတိလားပါစေကွာ ။ ။
စိုးပိုင်ဦး
30.4.2012 တွင်ကွယ်လွန်သွားသော
ညီလေးကျော်ဆက်(ညီမိုး)သို့
Categories:
ကဗျာ