ငါ အရမ်းလွမ်းနေတယ်
ညီလေး
မင်းကငယ်သေးတော့ အချစ်ကိုမသိသေးဘူးပေါ့
အချစ်ဆိုတာကလဲ တစ်ခါတစ်ရံ
အလွမ်းကျည်ဆံတွေအဝေးကနေ
ထည့်ပစ်ပေမဲ့
လာမှန်တိုင်းလဲ မနာကျင်ရက်တဲ့ မရိုးသောရောဂါ ……….
ဆိုပါစို့ရဲ့
ခု ………. ငါ အရမ်းလွမ်းနေတယ်
ညီလေး
အလွမ်းဆိုတာ အချစ်နဲ့တွေ့ဖူးသူမှ
မက်ခွင့်ရတဲ့ ခြောက်အိမ်မက်
မင်းကမ်းပေးတဲ့ ဓါးရိုးကိုကိုင်ပြီး မင်းကိုပြန်ခုတ်ပေမဲ့
နောက်ဆုတ်ခွင့်ကို ကျေနပ်စွာ ရုတ်သိမ်းပေးခဲ့ရသလိုပေါ့
ညီလေး
အချစ်ကိုပုံအောပြီး ကျဲဖြန့်တဲ့မျိုးစေ့တွေမှာ
ဘယ်လိုအသီးအပွင့်ပဲပွင့်ပါစေ
ရှောင်လွှဲမရတဲ့ကံကြမ္မာကိုတော့ မင်းကျေနပ်ရလိမ့်မယ် ……..
ငါဆိုလဲ ငါ့စိုက်ခင်းမှာ ပွင့်မဲ့ပန်းတွေဟာ
ခရမ်းရောင်တွေဖြစ်ဖို့ မရည်ရွယ်ရိုး အမှန်
ခုတော့ …….ငါအရမ်းလွမ်းနေရပြီလေ
ငါက အဲဒီပန်းတွေကိုကျောပိုးရင်း
ခြေဗလာနဲ့ ပက်ကြားအက်လမ်းတွေမှာ
နှင်နေတဲ့ ခရီးသည်ပေါ့ကွာ
ဧရိယာပြင်ပကဖုန်းကို ညီလေးခဏခဏခေါ်ပေမဲ့
တစ်ဖက်ကသိခွင့်မရှိဘူးလေ
မင်းလွမ်းနေတာ သူသိစေချင်သလို
သူရောသတိရနေရဲ့လားဆိုတာလဲ မင်းသိချင်နေမယ်
ထပ်တူကျဖို့လဲ မင်းစိတ်ကူးယဉ်နေလိမ့်မယ်
မင်း
လွမ်းပေရော့
ရင်ခုန်ဖက်မတူကြဘူးဆိုရင်တော့
မင်းလျောက်တဲ့လမ်းတွေမှာမြူတွေပြည့်နေတော့မှာ
အမှောင်ဆိုတာ သံသယတွေတိုးပွားစေတယ်
ငါ သူနဲ့ဝေးကွာနေချိန်ဟာ အမှောင်ပေါ့ညီလေးရယ်
အလင်းပေါ်မှာမဆုံနိုင်သေးသ၍
ထားခဲ့ဖူးတဲ့ သေစ္စာနဲ့ မေတ္တာကို ဖက်တွယ်ရင်း
အမှောင်ထုကို ကြံကြံခံကြရမှာ
သယ်ဆောင်လာခဲ့သမျှအလွမ်းတွေကို
စောင့်ကြိုနေတဲ့ ဆိပ်ကမ်းမှာ ပုံအပ်ခွင့်ရတော့
အချစ်က ရေ မီး စုံတယ်
ညီလေး
ခုတော့
ငါ အရမ်းလွမ်းနေတုန်း ……….
မိုးမြင့်သီဟ
Categories: